National Coalition Government of the Union of Burma
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရ
“(၆၂) နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာ”
ခရစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၆၂)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခါသမယ ဖြစ်ပေသည်၊၊ ရှမ်းအမျိုးသားတို့၏ ဤသမိုင်းဝင်နေ့မြတ် အခါသမယ၌ ရှမ်းအမျိုးသား ခေါင်းဆောင်များ နှင့်တကွ ရှမ်းတိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေကြောင်းနှင့် မဝေးလှသော အနာဂတ်တွင် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ရှမ်းပြည်နယ်သစ် ပေါ်ထွန်းလာပါစေကြောင်း အလေးအနက် ဆန္ဒပြုအပ်ပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး အသီးသီးတွေ့ကြုံရင်ဆိုင်နေရသော လူမှုဒုက္ခအဝဝနှင့် နိုင်ငံရေးပြဿနာ အရပ်ရပ်မှာ နအဖ စစ်အာဏာရှင်အုပ်စု၏ စစ်အင်အားသုံး ဗိုလ်ကျစိုးမိုးမှုကြောင့်ဖြစ်ပေသည်၊၊ စစ်အုပ်စုသည် တိုင်းရင်းသားလူမျိုးများအား အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေးရန် အစဉ်တစိုက် ငြင်းဆန်နေပေသည်။ နှုတ်မှငြိမ်းချမ်းရေးဟု အသံကောင်းဟစ်နေသော်လည်း လက်တွေ့တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား၊ စစ်အင်အားသုံး အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ဖိနှိပ်နေမှုများကြောင့် အမျိုးသားတော်လှန်ရေးများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ရှမ်းအမျိုးသား တို့သည်လည်း အခြားတိုင်းရင်းသားများနှင့်လက်တွဲ၍ သန္နိဋ္ဌာန်ခိုင်မာစွာ တော်လှန်တိုက်ပွဲဆင်နွဲလျှက်ရှိရာ ယနေ့ (၆၂)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ရှမ်းတိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုလားချက်ဖြစ်သော “လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေး”တို့ အတွက် အသက် ဘဝ ကိုယ်လက်အင်္ဂါ မြောက်များစွာတို့ဖြင့် စွန့်လွှတ်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြကုန်သော ရှမ်းအမျိုးသားခေါင်းဆောင်များနှင့် ရှမ်းတော်လှန်ရေးသမားအပေါင်းတို့အား ဤ (၆၂)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ရှမ်းတိုင်းရင်းသားများသည် သမိုင်းယဉ်ကျေးမှုအစဉ်အလာကြီးမား၍ မိမိတို့ဓလေ့ထုံးတမ်း၊ ဘာသာစကား စာပေ၊ အနုပညာယဉ်ကျေးမှု အစရှိသော မျိုးရိုးအမွေအနှစ်တို့ကိုလည်း အဓွန့်ရှည်အောင် မြှင့်တင်ထိန်းသိမ်းလိုကြပေသည်၊၊ ယဉ်ကျေးမှုမြင့်မား၍ မျိုးချစ်စိတ် ထက်သန်သော လူမျိုးဖြစ်သည့်အလျှောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးကိုလည်း တန်ဘိုးထား လိုလား ကြပေသည်၊၊ ယင်း ရှမ်းအမျိုးသား ပြည်သူလူထုတရပ်လုံး၏ လိုလားချက်များသည် ထိုက်သင့်မှန်ကန်သော ကိစ္စဖြစ်သည့်အလျှောက် အမှန်ပင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရက ယုံကြည်ပေသည်။
ဤ(၆၂)နှစ်မြောက် ရှမ်းအမျိုးသားနေ့အခါသမယ၌ ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာအစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများက မတရား ဖမ်းဆီးမှု ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအင်အားစုများနှင့် နအဖတို့ အကြား နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်စေရေး စသည်တို့အတွက် အထူးဝါယမစိုက်ထုတ် ဆောင်ရွက်နေကြချိန်ဖြစ်ပေသည်။
ရှမ်းတိုင်းရင်းသားအင်အားစုများကလည်း လက်ရှိနိုင်ငံရေးပြဿနာများကို သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းခြင်းသည်သာ အလျှော်ကန်ဆုံးဟု တစိုက်မတ်မတ် ဖေါ်ပြချက်မှာလည်း အချိန်အခါအခြေအနေနှင့် ကိုက်ညီပေသည်။
သို့ဖြစ်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတည်းဟူသော နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်သည်အထိ၊ သွေးစည်းညီညွတ်မှု အစဉ်အလာကြီးမားသော ရှမ်းအမျိုးသားများနှင့်အတူ လက်တွဲ၍ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရက အထူး ဝါယမစိုက်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤ (၆၂) နှစ်မြောက် ရှမ်းအမျိုးသားနေ့တွင် လေးနက်စွာ သန္နိဌာန်ပြုလျက် ဤသဝဏ်လွှာကို ဂုဏ်ယူလေးစားစွာ ပေးပို့ အပ်ပါသည်။

ခရစ် ၂ဝဝ၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်။

0 comments:
Post a Comment