၂-၂-၀၉ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)တို့၏ ပူးတွဲထုတ်ပြန်ချက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ(NCGUB)တို့၏ အိုင်ယာလန်နိုင်ငံ၊ (ဒပ်ဗလင်)တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ညီလာခံနှင့် ပတ်သက်သော ပူးတွဲထုတ်ပြန်ချက်

နေ့စွဲ။ ဖေဖေါ်ဝါရီလ ၂ ရက်၊ ၂၀၀၉။

စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU)ညီလာခံကြီးအား အိုင်ယာလန်နိုင်ငံ၊ (ဒပ်ဗလင်) မြို့တော်အနီး၊ (မာလာဟိုက်)တွင် ၂၀-၁-၀၉ မှ ၂၃-၁-၀၉ နေ့အထိ ကျင်းပပြီးစီးခဲ့ပါသည်။ ညီလာခံအတွင်း လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တရပ်ကျင်းပသကဲ့သို့ အကြိတ်အနယ် ဆွေးနွေး၊ ငြင်ခုံမှုများ ရှိခဲ့ကြပါသည်။ ညီလာခံ ကျင်းပနေစဉ်နှင့်နားနေစဉ် အချိန်များအတွင်း ကိုယ်စားလှယ်များအားလုံးကလူကြီးလူကောင်းပီသစွာပြုမူ၊ ဆက်ဆံခဲ့ကြပြီး၊ အချို့သော (မီဒီယာ)ဖေါ်ပြချက်များ ဖြစ်သည့် ခိုက်ရန်ဒေါသဖြစ်ခြင်း လုံးဝကင်းရှင်းခဲ့ကြပါသည်။

ထို့ပြင် စစ်အစိုးရ၏ ကုလသမဂ္ဂနေရာစိန်ခေါ်ရေး (Credentials Challenge) ကိစ္စဆောင်ရွက်ရန်သင့်၊ မသင့်ဆုံးဖြတ်ခြင်း၊ ၀န်ကြီးချုပ် ရွေးချယ်ခြင်း၊ ၀န်ကြီးချုပ်မှ တင်သွင်းသည့်ဝန်ကြီးများအား အတည်ပြုခြင်း၊ စသည့်ကိစ္စရပ်များ ဆောင်ရွက်ကြ ရာတွင်လည်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ရွက်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။

သို့အတွက် လွှတ်တော်နှင့်အလားတူသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံကြီးအား လည်းကောင်း၊ ရွေးချယ် တင်မြှောက်လိုက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ အားလည်းကောင်း၊ ညီလာခံတက် ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ် တဦးချင်းလည်းကောင်း ဂုဏ်သရေ ထိခိုက်စေသည့် ရေးသား၊ ပြောဆိုခဲ့မှုများ အားလုံးသည် အဖြစ်မှန်နှင့် ကင်းလွတ်သည် ဖြစ်ကြောင်းကို ၁-၂-၀၉ နေ့တွင် ပြုလုပ်ခဲ့သော (NCGUB/MPU) ပူးတွဲ အစည်းအဝေး၏ ဆုံးဖြတ် တာဝန် ပေးချက်အရ ဤကြေညာချက်အား အများပြည်သူ သိရှိစေရန် ထုတ်ပြန်အပ်ပါသည်။

• ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU)
• ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)

(မီဒီယာ)နှင့်ဆက်သွယ်ရန်တာဝန်ရှိသူများ၊
1. ဦးသိန်းဦး၊ အထွေထွေအတွင်းရေးမှူး၊ (MPU)၊ +66 8 9203-2972
2. ဒေါက်တာတင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီး၊ (NCGUB)၊ +91 981-000-3286

0 comments:

Post a Comment