၁၁-၂-၀၉ (၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
“(၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ”

ခရစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့

၁။ ခရစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော (၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့ အခါသမယ ဖြစ်ပေသည်။ ကရင်အမျိုးသားတို့၏ ဤသမိုင်းဝင်နေ့မြတ် အခါသမယ၌ ကရင်အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ကရင်တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေကြောင်းနှင့် မဝေးလှသော အနာဂတ်၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကရင်ပြည်နယ်သစ် ပေါ်ထွန်းလာပါစေကြောင်း လေးနက်စွာဆန္ဒပြုအပ်ပါသည်။

၂။ ကရင်တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုလားချက်ဖြစ်သော “တရားမျှတရေး” “တန်းတူရေး” နှင့် “လွတ်လပ်ရေး” တို့အတွက် အသက် ဘဝ ကိုယ်လက်အင်္ဂါ မြောက်များစွာတို့ဖြင့် စွန့်လွှတ်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြကုန်သော ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်အမျိုးသားရဲဘော်များနှင့် တော်လှန်ရေးသမား အပေါင်းတို့အားလည်း ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၃။ ယနေ့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်များ၏ အဓမ္မစိုးမိုးမှုအောက်တွင် ကျရောက်လျှက် တိုင်းရင်းသား လူမျိုးရေးရာ ပြဿနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရန် ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်ပေသည်။ စစ်အာဏာရှင်များက တိုင်းရင်းသားလူမျိုးအသီးသီးအား “အမျိုးသားတန်းတူရေး” နှင့် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး” ကို အစဉ်တစိုက်ငြင်းဆန်ကာ စစ်အင်အားသုံး ဗိုလ်ကျစိုးမိုးနေသဖြင့်၊ ကရင်အမျိုးသားတို့သည် အခြားတိုင်းရင်းသားများနည်းတူ စစ်အာဏာရှင် စနစ်အား နှစ်ပေါင်းငါးဆယ်ကျော် တော်လှန်ခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပေသည်။ ကရင်အမျိုးသားတို့၏ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေးဇွဲသတ္တိကို အမျိုးသားညွန့်ပေါင်းအစိုးရက ဤထူးမြတ်သည့် “ကရင်အမျိုးသားနေ့” အခါသမယတွင် လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

၎။ ကရင်အမျိုးသားများသည် သမိုင်းအစဉ်အဆက် “ရိုးသားဖြောင့်မတ်၍သွေးစည်းညီညွတ်မှုရှိသော လူမျိုးနွယ်” တရပ်အဖြစ် ထင်ရှားပေသည်။ မိမိတို့ဓလေ့ထုံးတမ်း၊ ဘာသာစကား စာပေ၊ အနုပညာယဉ်ကျေးမှု အစရှိသော မျိုးရိုးအမွေအနှစ်တို့ကိုလည်း အဓွန့်ရှည်အောင်မြ‡င့်တင်ထိမ်းသိမ်းခဲ့ကြပေသည်။ မိမိတို့ဘိုးစဉ်ဘောင်ဆက် အခြေချနေထိုင်ခဲ့ရာ ရေမြေဒေသကိုလည်း အလွန်ချစ်မြတ်နိုးကြပေသည်။ ယဉ်ကျေးမှုမြင့်မား၍ မျိုးချစ်စိတ်ထက်သန်သော လူမျိုးဖြစ်သည့်အလျှောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုလည်း တန်ဘိုးထားလိုလားကြပေသည်။

၅။ ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယတွင် နိုင်ငံရေးအကျဉ်းသားအားလုံး ¹ခွင်းချက်မရှိလွှတ်ပေးရန်၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကြေညာပြီး တိုင်းရင်းသားလူမျိုးများအား ထိုးစစ်ဆင်နေမှုအားလုံး အမြန်ရပ်စဲရန်၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် တရားမျှတမှုရှိရှိ နှစ်ဦးနှစ်ဖက် ဂုဏ်သိက္ခာရှိရှိ လွတ်လပ်ပွင့်လင်းစွာ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရန် ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်သည့်အမိန့်ဥပဒေများကို ရုပ်သိမ်းရန်၊ နအဖအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်အတိုင်း NLD ပါဝင်သည့် “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” စတင်ဆောင်ရွက်ရန်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်အတွင်း စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး အားပေးကူညီရန်၊ အစရှိသော “ကရင်အမျိုးသားအစည်းအရုံး (KNU)”၏ နိုင်ငံရေးသဘောထား ဖေါ်ပြချက်များမှာလည်း အချိန်အခါ အခြေအနေနှင့် ဆီလျော်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရက ကြိုဆိုထောက်ခံအပ်ပေသည်။

၆။ သို့ဖြစ်၍ “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး” “ဒီမိုကရေစီစနစ်ထွန်းကားရေး” “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး”တည်းဟူသော နိုင်ငံရေးရည်မှန်းချက်များအောင်မြင်သည်အထိ၊ သွေးစည်းညီညွတ်မှုအစဉ်အလာကြီးမားသော ကရင်အမျိုးသားထုကြီးနှင့်အတူ လက်တွဲ၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက အထူးအားစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယ၌ လေးနက်စွာ သန္နိဋ္ဌာန်ပြုလျှက် ဂုဏ်ယူလေးစားစွာ ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
ခရစ် ၂ဝဝ၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်။

1 comments:

ကဗျာဦး said...

စာတွေလာဖတ်ပါတယ်ရှင့်

Post a Comment